မချမ်းဘော့ မလိခမြစ်တလျှောက် စစ်ရှောင်ပြည်သူများရဲ့ မြေနေရာများမှာ တရားမဝင် ရွှေတူးမှု များလာ
18 January 2022-Kachinwaveas
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် နတ်ကျွန်းတလျှောက်ရှိ စစ်ရှောင်ပြည်သူများ၏ စိုက်ပျိုးမြေများတွင် ရွှေတူးဖော်မှုများရှိလာသည့်အတွက် ဒေသခံများ အခက်တွေ့နေကြောင်း သိရသည်။
ရွှေတူးဖော်သူများသည် စက်ယန္တရားကြီးများဖြင့် တူးဖော်ကြသည့်အတွက် ဒေသခံများသည် ၎င်းတို့၏ စိုက်ပျိုးမြေများ ပျက်စီးလာသောကြောင့် စိတ်ညစ်နေကြကြောင်း ဒေသခံတစ်ဦးကပြောသည်။
“မြေတူးစက် ၁၀ခုလောက်ရှိတယ်လို့ ပြောကြတယ်။ ဒေသခံတွေရဲ့ စိုက်ပျိုးမြေတွေမှာ တူးကြတာ၊ ကျွန်တော်တို့ ဒေသခံတွေရဲ့ တောင်ယာစိုက်ခင်းလုပ်စားနေကြတဲ့နေရာမှာ လာတူးကြတော့ ဒေသခံတွေ အားလုံး စိတ်ညစ်နေကြတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
ရွှေတူးဖော်မှုများ ပြုလုပ်နေသည့် စစ်ရှောင်ပြည်သူများ၏ စိုက်ပျိုးမြေများသည် စစ်ရှောင်နေရသည့်အတွက်ကြောင့် ပစ်ထားရသော်လည်း နိုင်ငံရေးအခြေအနေကောင်းလာလျှင် ပြန်လည်စိုက်ပျိုး လုပ်ကိုင်စားသောက်ကြမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
မချမ်းဘော့မြို့နယ်ရှိ အင်လွယ်ယာန်နှင့် ရှိန်ကိုင်ယာန်ရွာအနီး စိုက်ပျိုးမြေနေရာများ၊ ထီခချောင်းဆုံ တစ်လျှောက်၊ အင်ဖီဂါး၊ ဖာ့ကန်းယာန်တစ်လျှောက်နှင့် အင်ခါဂါးကျေးရွာတစ်လျှောက် စက်ယန္တရားများဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလက စပြီး တူးဖော်လာကြကြောင်း သိရသည်။
ကေအိုင်အို အုပ်ချုပ်ဒေသအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ၏ နေရပ်ဒေသ၊ နေအိမ်ခြံ၀န်းများနှင့် စိုက်ပျိုးမြေများတွင် ရွှေတူးဖော်ခြင်းများကို ဒီဇင်ဘာလ (၂၇)ရက်နေ့ကစပြီး ပိတ်ပင်လိုက်ကြောင်း KIC ကချင်လွတ်လပ်ရေးကောင်စီက အမိန့်စာထုတ်ပြန်ခဲ့ပြီး လိုက်နာခြင်းမရှိပါက မည်သူ့ကိုမဆို ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါရှိသည်။
၎င်းစစ်ဘေးရှောင်များသည် ၂၀၁၃ ခုနှစ်တွင် အင်ခါဂါးကျေးရွာအနီးတွင် ကေအိုင်အေနှင့် မြန်မာစစ်တပ်ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သွားသူများဖြစ်သည်။ တိုက်ပွဲဖြစ်ပွားချိန်တွင် မြန်မာစစ်တပ်မှ အင်ခါဂါးကျေးရွာက သင်းအုပ်ဆရာအပါအဝင် ရွားသားများကို ဖမ်းဆီးနှိပ်စက်ခဲ့ကြသည်။