လွိုင်ကော်တိုက်ပွဲတွင် ပြည်သူ ၆ ဦး၊ ကရင်နီပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး လက်နက်ကြီးထိသေဆုံး
7 January 2022-Kachinwaves
လွိုင်ကော်မြို့အတွင်း လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး လူနေရပ်ကွက်များသို့ စစ်ကောင်စီတပ်က လက်နက်များ ပစ်ခတ်သည့်အတွက် ဒေသခံပြည်သူ ၆ဦးနှင့် ကရင်နီပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး သေဆုံးကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ (PKPF)မှ သတင်းထုတ်ပြန်ထားသည်။
ပိတ်မိ ပြည်သူများကို သွားရောက်ကယ်ဆယ်ရေး လုပ်နေသည့်အချိန် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့်ကရင်နီ ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး (CDM ကျောင်းဆရာ) ကျဆုံးသွားကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များ ပျက်စီးသည့်အပြင် ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိ ကြောင်းနှင့် ပြည်သူအချို့ ပိတ်မိနေကြောင်း သိရသည်။
လွိုင်ကော်မြို့အတွင်း ဇန်နဝါရီလ ၆ရက်နေ့မှ ယနေ့အထိ KNDF၊ KGZ၊ Loikaw PDF တပ်ပေါင်းစုတို့နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။