ထားဝယ် သရက်ချောင်း၌ ကလေးငယ်(၁)ဦး အပါအဝင်အသက်မပြည့်သေးသည့် လူငယ်(၃)ဦးအား စစ်တပ်က ပစ်သတ်
7 January 2021-Kachinwaves
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာတွင် စစ်ကောင်စီတပ်က ကလေးငယ်(၁)ဦး အပါအဝင်အသက်မပြည့်သေးသည့် လူငယ်(၃)ဦးအား ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်နှင့် ဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားစဥ် သရက်ချောင်းဘက်မှ စစ်ကူရောက်ရှိလာသည့် စစ်ကားငယ်(၂)စီး ကင်းရှေ့ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။
ထို့နောက်တွင် စစ်ကောင်စီတပ်က ကင်းရှေ့ကျေးရွာအတွင်းသို့ အဆက်မပြတ်ပစ်ခတ်ခဲ့သောကြောင့် ရွာသားများ ကြောက်လန့်ပြီးထွက်ပြေးခဲ့ကြကြောင်း သိရသည်။
ရွာသားများထွက်ပြေးသည့်အချိန်၌လည်း အကြမ်းဖက်စစ်ကောင်စီတပ်က အနောက်မှ လိုက်လံပစ်ခတ်ခဲ့သည်ဟု သိရသည်။
“သူတို့က အိမ်ဆောက်နေကြတာ သူတို့လုပ်ခွင်နားမှာ သေနတ်ပစ်တော့ သူတို့လည်းလန့်ပြီးပြေးကြတာ ပြေးရင်းပုန်းနေတုန်းမှာ သေနတ်နဲ့တေ့ပြီး ပစ်သတ်သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပစ်သတ်ခံရသူများမှာ မောင်သန့်ဇင်ထွေး( ၁၄နှစ်)၊ မောင်အောင်သက်ဖြိုး(၁၇နှစ်)နှင့် မောင်ရဲဇော်ထိုက် (၁၇)နှစ်တို့ ဖြစ်ကြသည်။
“ကျောင်းတက်နေတဲ့ကလေးလည်းပါတယ်။ ကျောင်းထွက်ပြီးပန်းရံအလုပ်လုပ်နေကြတာလည်းပါတယ်။ အဆင်ပြေတဲ့မိသားစုထဲကတစ်ယောက်ပါတယ်။ ကျန်တာက တစ်နေ့လုပ်တစ်နေ့စားတွေပါ။ အားလုံးက ဖြူဖြူစင်စင်ကလေးလေးတွေပါ။ ဘာမှ နားမလည်သေးဘူး။ တအားလိမ္မာတယ်။ အချိန်ရရင် ရသလလို မိဘကိုလုပ်ကျွေးနေကြတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားရာ အနီးအနားကျေးရွာများဖြစ်သည့် ကျောက်လှေကား၊ စော်ဖျား၊ ကင်းရှေ့ကျေးရွာတို့မှ ရွာသား (၁၀)ဦးကျော်ပျောက်ဆုံးနေပြီး အဖမ်းခံထားရသူအများအပြားနှင့် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိထားသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားရာ စော်ဖျားကျေးရွာအတွင်း စစ်ကောင်စီတပ်များတပ်စွဲထားသည်မှာ ကြာပြီဖြစ်ပြီး တပ်စွဲထားစဥ်ကာလအတွင်း၌ စစ်တပ်က ရွာသူရွာသားများအား အကြောင်းမဲ့ပစ်ခတ်ဖမ်းဆီးမှုများရှိသည့်အပြင် နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
သတင်း။ သံလွင်ခက်