အင်ခိုင်ဘွမ်တောင်ခြေတွင် တည်ဆောက်နေသည့်စေတီအား ရပ်နားထားပြီ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ အင်ခိုင်ဘွမ်တောင်ခြေတွင် ညဏ်တော်(၂၇)ပေရှိ ဗုဒ္ဓစေတီတော်တည်ဆောက်ခြင်းကို ရပ်နားထားလိုက်ရန် ညွှန်ကြားထားပြီဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ပြောသည်။
ကချင်လူမျိုးများက ၎င်းစေတီတော်တည်ဆောက်ခြင်းကို ကန့်ကွက်လျှက်ရှိကြသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကလည်း “ကျွန်တော်တို့ဆီမှာ ခွင့်ပြုမိန့်တွေတောင်းခံတာလည်းမရှိဘူး။ နောက်ပြီးတော့ ကျွန်တော်တို့က ဒါသိလည်းမသိတဲ့အတွက် တောထဲမှာလုပ်နေတဲ့အတွက်ကြောင့် ဒီဧရိယာအဝန်းအဝိုင်းထဲမှာ လုပ်နေတာဖြစ်တဲ့အတွက်က သူ့ရဲ့လုပ်ထုံးလုပ်နည်းအရတော့ ဒါတွေကို ကျွန်တော်တို့က တားမြစ်ပိတ်ပင်ရမှာပေါ့နော်။”ဟုဆိုသည်။
ဘာသာရေးဆိုင်ရာကိစ္စ ဖြစ်တဲ့အတွက်ကြောင့် ထိလွယ်ရှလွယ်ဖြစ်သည့်အချိန်ကြတော့ သေချာစိစစ်ပြီးမှ နောက်ပိုင်းအရေးယူရန်ကိစ္စကိုတော့ ဥပဒေအတိုင်းပဲသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။
အခုလောလောဆယ်မှာတော့ လုံးဝဆက်မလုပ်ပဲ ရပ်နားထားရန် ပြောထားသလို ဘေးမဲ့တားမြစ်ထားသည့် ဧရိယာဖြစ်သဖြင့် ခွင့်ပြုချက်ပေးရန် မလွယ်ကူကြောင်းလည်း ဆိုသည်။
“ကျွန်တော်တို့ ကချင်တွေရဲ့ National Heritage (အမျိုးသားအမွေအနှစ်) လည်းဖြစ်တယ်။ အမျိုးသားအမွေအနှစ်ဖြစ်တယ်၊ နောက်တစ်ခါ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အမျိုးသားဥယျာဉ်လည်း ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်က အမျိုးသားအမွေအနှစ်နဲ့လည်း ပြဌာန်းထားတယ်။ အဲ့ဒါတွေကို ကျော်လွန်ပြီး ဘာသာတရားတစ်ခုကနေလာပြီး မိမိဘာသာအတွက်လာပြီး ဆောင်ရွက်တယ်ဆိုတဲ့ဟာက ဒါကဆောင်ရွက်ရမဲ့ ကိစ္စမျိုး မဟုတ်ဘူး”ဟု ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဌ ဒေါက်တာ M ကောန်လ ကပြောသည်။
ဆောင်ရွက်ရမည့် ကိစ္စဆိုသည်မှာ နှစ်ပိုင်းရှိကြောင်း ပထမတစ်ပိုင်းမှာ ကျင့်ဝတ်ပိုင်းအရ အတူယှဉ်တွဲနေထိုင်ရေးမှုမှာ အမျိုးသားများအချင်းချင်းကြားမှာ ယဉ်ကျေးမှုများ သမိုင်းကြောင်းများ၊ ကိုးကွယ်ရာယဉ်ကျေးမှုများကို လေးစားရမည်ဖြစ်ပြီး တစ်ပါးအမျိုးသားများ၏ သမိုင်းတန်ဖိုးထားသည့်နေရာမှာ မိမိ၏ကိုယ်ကွယ်ယုံကြည်မှုကို အတင်းလာရောက်တည်ဆောက်ပြီး ဘာသာရေးကို ဆောင်ရွက်ခြင်းသည် ကျင့်ဝတ်ပိုင်းအရ လုံးဝမလုပ်သင့်ကြောင်းလည်း ဒေါက်တာ M ကောန်လ ကပြောသည်။
၁၉၉၄ တောရိုင်းတိရိစ္ဆာန်များ ကာကွယ်ရေးဥပဒေ (ယခု ၂၀၀၈ ဇီဝမျိုးကွဲ ဥပဒေ)အရ ၂၀၁၇ ခုနှစ်တွင် သဘာဝနယ်မြေအမျိုးအစားဖြစ်သော အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားသည်မှာ ၄နှစ်မပြည့်သေးသည့် သစ်တောကြိုးပြင်နေရာလည်း ဖြစ်သည်။
Photo credit to the rightful owner